နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း (CABG)

နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါသည် သွေးကြောနံရံများအတွင်း အဆီများစုပုံလာခြင်းကြောင့် နှလုံးကြွက်သားကို အောက်ဆီဂျင်နှင့် အာဟာရများကို ထောက်ပံ့ပေးသော သွေးကြောများ ကျဉ်းသွားခြင်း ဖြစ်ပါသည်။ ထိုဖြစ်စဉ်သည် သွေးကြောအတွင်းပိုင်းကို ကျဉ်းစေပြီး နှလုံးကြွက်သားများသို့ အောက်ဆီဂျင်ကြွယ်ဝသော သွေးများရောက်ရှိမှုကို အကန့်အသတ်ဖြစ်စေပါသည်။ နှလုံး၏ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကို သုံးသပ်ခြင်းဖြင့် နှ လုံးသွေးကြောကျဉ်းရောဂါသည် နှလုံးအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိသည်ကို ပိုမိုနားလည်နိုင်ပါသည်။
နှလုံးသည် အခြေခံအားဖြင့် ပန့် (pump) သဖွယ်ဆောင်ရွက်ပေးပါသည်။ နှလုံးကို myocardium ဟုခေါ်သော ကြွက်သားတစ်သျှူးများဖြင့် ဖွဲ့စည်းထားပါသည်။ နှလုံး၏ အဓိကလုပ်ဆောင်ချက်မှာ ခန္ဓာကိုယ်အနှံ့ သွေးများကို ညှစ်ထုတ်ပေးပြီး အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ခန္ဓာကိုယ်တစ်ရှူးများကို ရောက်ရှိစေပါသည်။ တခြား pump များကဲ့သို့ပင် နှလုံးသည် အလုပ်လုပ်ရန်အတွက် လောင်စာလိုအပ်ပါသည်။ myocardium သည် ခန္ဓာကိုယ်ရှိ အခြားတစ်သျှူးများကဲ့သို့ အောက်ဆီဂျင်နှင့် အာဟာရများ လိုအပ်ပါသည်။ နှလုံးအခန်းများမှတဆင့် ဖြတ်သန်းသွားသော သွေးများသည် myocardium အား အောက်ဆီဂျင်နှင့် အာဟာရများကို မပေးဘဲ ကျန်ခန္ဓာကိုယ်ဆီသို့ ဖြတ်သန်းသွားရုံသာဖြစ်သည်။ myocardium သည် လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရများကို နှလုံး၏အပြင်ဘက်တွင်ရှိသော သွေးကြောများထံမှသာ ရရှိသည်။
နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသခြင်း (CABG) ဆိုတာဘာလဲ။
သွေးကြောများကိုဖြတ်ဆက်ကုသခြင်းပြုလုပ်စဉ်တွင် သွေးကြောတစ်ခုအား ခန္ဓာကိုယ်၏ ဧရိယာတစ်ခုမှ ဖယ်ထုတ်ပြီး အစားထိုးခြင်း သို့မဟုတ် လမ်းကြောင်းလွှဲကာ ပိတ်ဆို့ခြင်းများကို ကျော်ဖြတ်ပြီး နှလုံးကြွက်သားဆီသို့ သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်စေရန် အစားထိုးသွေးကြောကို အသုံးပြုပြီး ပြုလုပ်ပေးမှာဖြစ်ပါသည်။ ဤအစားထိုးသွေးကြောများကို ရင်ဘတ်၊ ခြေထောက်များ သို့မဟုတ် လက်မောင်းများမှတဆင့် ထုတ်ယူအသုံးပြုနိုင်ပါသည်။ ခွဲစိတ်ဆရာဝန်သည် ပိတ်ဆို့နေသည့်နေရာ၊ ပိတ်ဆို့နေသည့်ပမာဏနှင့် မိမိ၏သွေးလွှတ်ကြောများ၏ အရွယ်အစားအပေါ် မူတည်၍ မည်သည့်အစားထိုးပစ္စည်းကိုအသုံးပြုရန် ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။
နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသရခြင်း၏အကြောင်းများ
ဘာကြောင့် နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသရပါသလဲ။
- သင့်ဘဝအရည်အသွေးကို မြှင့်တင်ပေးပြီး ရင်ဘတ်အောင့်ခြင်းနှင့် အခြားသော နှလုံးသွေးကြောဆိုင်ရာရောဂါလက္ခဏာများကို လျှော့ချနိုင်ခြင်း။
- ပိုမိုတက်ကြွသောလူနေမှုပုံစံကို ပြန်လည်စတင်နိုင်စေခြင်း။
- နှလုံးသွေးကြောအလွန်ကျဉ်းခြင်း၊ ပိတ်ခြင်းကို လျော့ကျစေခြင်း။
- အောက်ဆီဂျင်အလုံအလောက်မရသောအခြေအနေဖြစ်ခဲ့ပါက သင့်နှလုံး၏ညှစ်အားကို ကောင်းမွန်စေခြင်း။
- အသက်ရှင်သန်နေထိုင်နိုင်ခြေကို ကောင်းမွန်စေခြင်း။
အခြားကုသမှုနည်းလမ်းများ
- ဆေးသောက်ခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း။
- ဘောလုံးနှင့် နှလုံးသွေးကြောချဲ့ခြင်း (PTCA)
- ဘောလုံးနှင့် နှလုံးသွေးကြောချဲ့ပြီး သွေးကြောထောက်ကိရိယာထဲ့ပြီး ကုသခြင်း (PCI)
ဆရာဝန်မှ မိမိအတွက် သင့်လျော်သောကုသမှုကို လမ်းညွှန်ချက်များနှင့်အညီ ကူညီရွေးချယ်ပေးမည် ဖြစ်ပါသည်။
နှလုံးအစားထိုးသွေးကြောအတွက် မည်သည့်သွေးကြောများကို အသုံးပြုသနည်း။
ခန္ဓာကိုယ်မှ ကျန်းမာသော သွေးလွှတ်ကြော သို့မဟုတ် သွေးပြန်ကြောများကို ပိတ်ဆို့နေသော နှလုံးသွေးလွှတ်ကြောများသို့ အစားထိုးချိတ်ဆက်ပေးပါမည်။ ထိုမှတစ်ဆင့် ပိတ်ဆို့နေသောသွေးကြောအစိတ်အပိုင်းကို ကျော်ဖြတ်ကာ သွေးစီးဆင်းစေပါမည်။ ၎င်းသည် အောက်ဆီဂျင်ပြည့်ဝသော သွေးများကို နှလုံးကြွက်သားများဆီသို့ စီးဆင်းရန် လမ်းကြောင်းအသစ်ကို ဖန်တီးပေးမှာဖြစ်ပါသည်။ ခွဲစိတ်ရာတွင် သွေးကြောသုံးခု သို့မဟုတ် လေးခုကို ဖြတ်ဆက်ကုသခြင်းလည်း ဖြစ်နိုင်ပါသည်။
- သွေးလွှတ်ကြော အစားထိုးခြင်း သွေးလွှတ်ကြောအစားထိုးခြင်းသည် ခြေထောက်ရှိသွေးပြန်ကြော (Saphenous Vein Graft) အစားထိုးခြင်းထက် ကြာရှည်ပိုခံလေ့ရှိပါသည်။
- Internal mammary arteries ဟု ခေါ်သောသွေးလွှတ်ကြောသည် ရင်ဘတ်တွင် တည်ရှိပါသည်။ ဤသွေးလွှတ်ကြောကို anterior coronary artery အတွက် အသုံးပြုလေ့ရှိပါသည်။
- Radial artery သည် လက်ဖျံတွင်ရှိပါသည်။
- အစာအိမ်ရှိ Gastroepiploic artery ကို အစားထိုးသွေးကြောအဖြစ် အသုံးနည်းပါသည်။
- ခြေထောက်ရှိ Saphenous veins များကို ခြေထောက်မှ ခွဲစိတ်မှုဒဏ်ရာအသေးဆုံးဖြင့် ထုတ်ယူနိုင်လာတာကြောင့် သေးငယ်သောအမာရွတ်ပဲကျန်မှာဖြစ်တဲ့အပြင် နလန်မြန်မြန်ထနိုင်မှာဖြစ်ပါသည်။
နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသခြင်းအမျိုးအစားများ
- သမားရိုးကျ သွေးကြောဖြတ်ဆက်ကုသခြင်း သို့မဟုတ် နှလုံးအဆုတ်အစားထိုးဆက်အသုံးပြု၍ ခွဲစိတ်ကုသခြင်း။
ခွဲစိတ်ရာတွင် နှလုံးနေရာသို့ရောက်ရန် ရင်ဘတ်ရှိအရိုးကို ခွဲစိတ်ဖြတ်တောက်ရပါသည်။ နှလုံးအဆုတ်အစားထိုးစက်သည် ခွဲစိတ်ဆရာဝန်က ငြိမ်နေသောနှလုံးကို ခွဲစိတ်ရာတွင် ခန္ဓာကိုယ်အနှံ့သို့ သွေးနှင့် အောက်ဆီဂျင် စီးဆင်းမှုကို ထိန်းပေးထားပါသည်။ - နှလုံးအဆုတ်အစားထိုးဆက်မသုံးဘဲ နှလုံးသွေးကြောဖြတ်ဆက် ခွဲစိတ်ကုသခြင်း (OPCAB)
ခွဲစိတ်ရာတွင် နှလုံးနေရာသို့ရောက်ရန် ရင်ဘတ်အရိုးကို ခွဲစိတ်ဖြတ်တောက်ရပါသည်။ သို့ရာတွင် နှလုံးကိုရပ်တန့်အောင်မပြုလုပ်သည့်အပြင် နှလုံးအဆုတ် အစားထိုးစက်ကိုလည်း အသုံးမပြုပါ။ ခွဲစိတ်မှုပြုလုပ်မည့် သေးငယ်သော ဧရိယာတွင်သာ နှလုံးလှုပ်ရှားမှုကို တည်ငြိမ်စေရန် အထူးကိရိယာကို အသုံးပြုပြီး နှလုံးခုန်နေစဉ်မှာပင် ခွဲစိတ်မှုကို ပြုလုပ်မှာဖြစ်ပါသည်။ - ဘန်ကောက်နှလုံးအထူးကုဆေးရုံတွင် OPCAB ကို အများဆုံးလုပ်ဆောင်ပါသည်။
- သေးငယ်သောခွဲစိတ်ရာဖြင့် နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသခြင်း
ရင်ဘတ်၏ ဘယ်ဘက်ခြမ်းရှိ နံရိုးများကြားတွင် သေးငယ်သော ဖြတ်တောက်မှုများ ပြုလုပ်ပါမည်။ ဤခွဲစိတ်မှုနည်းလမ်းသည် နှလုံး၏ အရှေ့ဖက်ရှိ သွေးကြောများကို ဖြတ်ဆက်ကုသမှုပြုလုပ်ရန် အကန့်သတ်ရှိပါသည်။
သမာရိုးကျမဟုတ်သော ခွဲစိတ်ကုသခြင်း- MIDCAB procedure ဖြင့်ခွဲစိတ်ကုသခြင်း
- Port-access coronary artery bypass procedure ဖြင့် ခွဲစိတ်ကုသခြင်း
- စက်ရုပ်ကို အသုံးပြုသည့်နည်းပညာဖြင့် ခွဲစိတ်ကုသခြင်း
ခွဲစိတ်ခြင်း၏ရလဒ်
နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသခြင်းသည် များသောအားဖြင့် ရလဒ်ကောင်းမွန်ပါသည်။ လူနာအများစုတွင် ခွဲစိတ်မှုပြုလုပ်လိုက်ခြင်းသည် ရင်ဘတ်အောင့်သည့် လက္ခဏာများကို ကောင်းမွန်စေပါသည် သို့မဟုတ် လုံးဝသက်သာစေပါသည်။ ရောဂါလက္ခဏာများ ပြန်လည်ဖြစ်ပွားနိုင်သော်လည်း လူအများစုသည် ၁၀ နှစ်မှ ၁၅ နှစ်အထိ ရောဂါလက္ခဏာများမခံစားရဘဲ ကင်းစင်နိုင်ပါသည်။ နှလုံးဖောက်နိုင်ခြေ (Heart attack) ကို လျော့ကျစေပြီး အသက်ရှည်ရှည်နေနိုင်စေပါသည်။
ခွဲစိတ်ထားသောသွေးကြောများတွင် ပိတ်ဆို့ခြင်း သို့မဟုတ် ယခင်က မပိတ်ဆို့ခဲ့ဖူးသော သွေးလွှတ်ကြောများတွင် ပိတ်ဆို့နေပါက နောက်တစ်ကြိမ် ခွဲစိတ်ကုသခြင်း သို့မဟုတ် အထက်တွင်ဖော်ပြထားသော အခြားကုသမှုများ လိုအပ်နိုင်ပါသည်။ မိမိဆရာဝန် အကြံပြုထားသည့်အတိုင်း ဆေးဝါးသောက်သုံးခြင်းနှင့် လူနေမှုပုံစံပြောင်းလဲခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ခွဲစိတ်ထားသောသွေးကြောများကို ပြန်လည်ပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါသည်။
မခွဲစိတ်မီ ရောဂါရှာဖွေစမ်းသပ်မှုများ
Prior to surgery you may need these diagnostic tests to complete evaluation.
- ခွဲစိတ်မှုမပြုလုပ်မီ အောက်ပါစစ်ဆေးမှုများပြုလုပ်ပါမည်။
- ECG (Electrocardiogram) – နှလုံးလျှပ်စီးကြောင်းစစ်ဆေးခြင်း။
- Stress Test – ပြေးစက်ပေါ်ပြေးပြီး နှလုံးစစ်ဆေးခြင်း။
- Coronary CT scan – နှလုံးသွေးကြောများအား ပုံရိပ်ဖော်စစ်ဆေးခြင်း။
- Coronary Angiography -လက် သို့မဟုတ် ခြေထောက်သွေးကြောမှ ပိုက်ထဲ့ပြီးဆေးသွင်းကာ ပုံရိပ်ဖော်စစ်ဆေးခြင်း။Coronary Angiography
နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသခြင်းမပြုလုပ်ခင် ဘာတွေ မျှော်လင့်ထားရမလဲ။
ဆရာဝန်မှ ခွဲစိတ်မှုအတွက် ပြင်ဆင်ရမည်များကို ရှင်းပြပါမည်။ ဆရာဝန်မှ မည်သည့် အစားအသောက်၊ မည်သည့်ဆေးတွေသောက်ရမလဲ၊ မည်သည့်လှုပ်ရှားမှုတွေကို ရပ်သင့်သလဲ (ဥပမာ ဆေးလိပ်သောက်ခြင်း) အကြောင်း အကြံပေးပါမည်။ ခွဲစိတ်မည့်နေ့ သို့မဟုတ် ခွဲစိတ်မှုမပြုလုပ်မီ တစ်ရက်အလိုတွင် ဆေးရုံတက်ရပါမည်။
ခွဲစိတ်မှုပြုလုပ်နေစဉ် ဘာတွေ မျှော်လင့်ထားရမလဲ။
နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသရန် ကျွမ်းကျင်သည့်အဖွဲ့တစ်ဖွဲ့ လိုအပ်ပါသည်။ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်သည် မေ့ဆေးဆရာဝန်၊ နှလုံးအဆုတ်အစားထိုးစက်ကိုင်တွယ်ပေးမည့် အထူးကု၊ အခြားခွဲစိတ်ဆရာဝန်များ၊ သူနာပြုများနှင့်အတူ ခွဲစိတ်မှုကို ပြုလုပ်ပေးမည်ဖြစ်သည်။
ခွဲစိတ်မှုပြီးသောအခါ ခွဲစိတ်ဆရာဝန်သည် နံရိုးကို ဝါယာကြိုး အသုံးပြု၍ ပိတ်ပေးမည်ဖြစ်ပါသည်။ ဝိုင်ယာကြိုးသည် မိမိ၏ခန္ဓာကိုယ်ထဲမှာ အမြဲတမ်းရှိနေမှာဖြစ်ပြီး ရင်ဘတ်အရိုးများ ပြန်လည်ဆက်ပြီးပါက ခွဲစိတ်မှုမပြုလုပ်မီကကဲ့သို့ပင် ပြန်လည်သန်မာလာမည်ဖြစ်ပါသည်။
နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသပြီးရင် ဘာတွေမျှော်လင့်နိုင်မလဲ။
ဆေးရုံတွင် နာလန်ထပြန်လည်ကောင်းမွန်အောင်နေထိုင်ခြင်း
ခွဲစိတ်မှုအပြီးတွင် အသက်ရှူပိုက်ကို ဖြုတ်ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ၁ ရက် သို့မဟုတ် ၂ ရက်အထိ နေရနိုင်ပါသည်။
အထူးကြပ်မတ်ကုသဆောင်မှ ထွက်ပြီးနောက် ၃ ရက်မှ ၅ ရက်အထိ ဆေးကုသဆောင်တွင် နေရမည်ဖြစ်ပါသည်။
ဤသည်မှာ ဆေးရုံတွင် ပျမ်းမျှနေထိုင်ရန် အချိန်ဖြစ်ပါသည်။ လူနာတစ်ဦးချင်းပေါ် မူတည်ပြီး ကွာခြားမှုရှိနိုင်ပါသည်။
အိမ်တွင် ပြန်လည်ကောင်းမွန်အောင်နေထိုင်ခြင်း
ဆရာဝန်သည် လူနာအား အိမ်တွင် ပြန်လည်ကောင်းမွန်လာစေရန်အတွက် အောက်ပါ ညွှန်ကြားချက်များပေးမည်ဖြစ်ပါသည်။ အထူးသဖြင့် –
- အနာကျက်စေရန် ဒဏ်ရာတွေကို ဘယ်လို ပြုစုရမလဲ။
- ရောဂါပိုးဝင်ခြင်း သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို မည်သို့သိရှိနိုင်မလဲ။
- ဘယ်အချိန်မှာ ဆရာဝန်ကို ချက်ချင်းခေါ်ရမလဲ။
- ဆရာဝန်နှင့် ရက်ချိန်းပြန်တွေ့ရမည့်အချိန်။
- အနာကျက်သော ဒဏ်ရာများမှ ယားယံခြင်း သို့မဟုတ် သက်သောင့်သက်သာမရှိခြင်း။
- အစားထိုးသွေးကြော ထုတ်ယူသည့်နေရာတွင် ရောင်ရမ်းခြင်း။
- ပခုံးနှင့် နောက်ကျောအပေါ်ပိုင်းရှိ ကြွက်သားများ နာကျင်ခြင်း သို့မဟုတ် တောင့်တင်းခြင်း။
- ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း (သို့) စိတ်ဓာတ်ကျခြင်း။
- အိပ်စက်ခြင်းနှင့် သက်ဆိုင်သော ပြဿနာ သို့မဟုတ် အစားအသောက်ပျက်ခြင်း။
- ဝမ်းချုပ်ခြင်း။
- ခွဲစိတ်သည့်နေရာတစ်ဝိုက်တွင် ရင်ဘတ်အောင့်ခြင်း (အထူးသဖြင့်သမားရိုးကျနည်းဖြင့် ခွဲစိတ်ခြင်း)။
သမားရိုးကျ CABG နှင့် OPCAB မှ အပြည့်အဝ ပြန်လည်နာလန်ထကောင်းမွန်ရန် ၆ ပတ်မှ ၁၂ ပတ် သို့မဟုတ် ထို့ထက်ပို၍ ကြာနိုင်ပါသည်။ သမားရိုးကျမဟုတ်သော CABG အတွက် နာလန်ထချိန်မြန်မှာဖြစ်ပါသည်။
ဆရာဝန်မှ မည်သည့်အချိန်တွင် ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်မည်ကို ပြောပြပါလိမ့်မည်။ ၎င်းသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားသော်လည်း ခန့်မှန်းခြေအနေဖြင့် လူအများစုသည် ၄ ပတ်ခန့်အကြာတွင် လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုပြန်လည်စတင်နိုင်ပြီး ၃ ပတ် မှ ၈ ပတ်အကြာတွင်ကားမောင်းနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုများ သိသိသာသာ ပြုလုပ်ရန်မလိုအပ်ပါက ၆ ပတ်အကြာတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပြီး အချို့လူနာများသည် လှုပ်ရှားမှုနည်းသော အလုပ်အမျိုးအစားများကို ရှာဖွေရန် လိုအပ်နိုင်ပါသည် သို့မဟုတ် အစပိုင်းတွင် အချိန်ဇယားအနည်းငယ်ဖြင့်သာ လုပ်ဆောင်သင့်ပါသည်။
ဆက်လက်ပြုစုစောင့်ရှောက်ခြင်း။
ခွဲစိတ်ပြီးနောက် ဆရာဝန်များနှင့် အချိန်အခါအလိုက် စစ်ဆေးမှုများ ပြုလုပ်ကာ မိမိ၏ နှလုံးအလုပ်လုပ်ပုံကို သိရန် စမ်းသပ်မှုများ ပြုလုပ်နိုင်သည်။ စစ်ဆေးမှုများတွင် နှလုံးလျှပ်စီးကြောင်းစစ်ဆေးခြင်း၊ ပြေးစက်ပေါ်ပြေးပြီး နှလုံးစစ်ဆေးခြင်း၊ နှလုံးတယ်လီဗွီးရှင်းဓာတ်မှန်ရိုက်ခြင်းနှင့် နှလုံးသွေးကြောများအား ပုံရိပ်ဖော်စစ်ဆေးခြင်းတို့ ပါဝင်နိုင်ပါသည်။
နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသခြင်းသည် နှလုံးသွေးကြောကျဉ်းရောဂါအတွက် လုံးဝပျောက်ကင်းအောင် ကုသနိုင်မှာမဟုတ်ပါ။ မိမိ၏ဆရာဝန်နှင့် တိုင်ပင်ကာ ကျန်းမာနေစေရန်နှင့် နှလုံးသွေးကြောကျဉ်းရောဂါ ပိုမိုဆိုးရွားလာနိုင်ခြေကို လျှော့ချရန် လူနေမှုပုံစံပြောင်းလဲခြင်းများကိုပါ ပြုလုပ်ရပါမည်။
လူနေမှုပုံစံပြောင်းလဲခြင်းတွင် စားသောက်ပုံ ပြောင်းလဲခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းနှင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းတို့ ပါဝင်ပါသည်။
ဆရာဝန်သည် သင့်အား နှလုံးပြန်လည်ထူထောင်ရေးဌာနသို့ ညွှန်းပေးနိုင်ပါသည်။ နှလုံးပြန်လည်သန်စွမ်းရေးလေ့ကျင့်ခြင်းသည် နှလုံးရောဂါရှိသူများ၏ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ ကြီးကြပ်မှုဖြင့်ပြုလုပ်ရသော အစီအစဉ်တစ်ခုဖြစ်သည်။
ပြန်လည်ထူထောင်ရေးအစီအစဉ်များတွင် လေ့ကျင့်ခန်းသင်ကြားပေးခြင်း၊ နှလုံးကျန်းမာစေရန် နေထိုင်မှုဆိုင်ရာ အသိပညာပေးခြင်းနှင့် စိတ်ဖိစီးမှုကို လျှော့ချပြီး တက်ကြွသောဘဝကို ရရှိနိုင်စေရန် ကူညီပေးမှာဖြစ်ပါသည်။
ခွဲစိတ်မှုအပြီးတွင် သတ်မှတ်ထားသော ဆေးဝါးများသောက်ခြင်းသည်လည်း အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဆရာဝန်သည် ပြန်လည်နာလန်ထူလာချိန်တွင် နာကျင်မှုကို သက်သာစေရန် ဆေးဝါးများ၊ ကိုလက်စထရောနှင့် သွေးဖိအားကိုလျှော့ချပေးမည့်ဆေးဝါးများ၊ သွေးခဲများဖြစ်နိုင်ခြေကိုလျှော့ချပေးမည့်ဆေးဝါးများ၊ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအတွက် ဆေးဝါးများ၊ သို့မဟုတ် စိတ်ဓာတ်ကျခြင်းကို ကုသပေးမည့်ဆေးဝါးများကို ညွှန်ကြားပေးနိုင်ပါသည်။
နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ။
နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်းသည်လည်း အခြားသော ခွဲစိတ်မှုအမျိုးအစားကဲ့သို့ပင် အန္တရာယ်ရှိပါသည်။ နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း၏အန္တရာယ်များမှာ-- အနာပိုးဝင်ပြီး သွေးထွက်ခြင်း
- မေ့ဆေးအပေါ်တုံ့ပြန်မှု
- ဖျားခြင်း
- နာကျင်ခြင်း
- လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း သို့မဟုတ် သေဆုံးခြင်းထိပင် ဖြစ်နိုင်ပါသည်။
- မှတ်ဉာဏ်ပျောက်ဆုံးခြင်းနှင့် အာရုံစူးစိုက်မှု သို့မဟုတ် ရှင်းရှင်းလင်းလင်းတွေးခေါ်ခြင်းဆိုင်ရာ ပြဿနာများကဲ့သို့သော အခြားပြဿနာများသည် လူအချို့တွင် ဖြစ်ပွားနိုင်ပြီး ၆ လအတွင်း ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။
ခွဲစိတ်မှု၏ အန္တရာယ်တွေကို ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကြည့်သင့်ပါသည်။
ဘန်ကောက်နှလုံးအထူးကုဆေးရုံကြီးတွင် နှလုံးအဆုတ်အစားထိုးစက်ကိုမသုံးဘဲ ခုန်နေသောနှလုံးမှာပင် သွေးကြောကို ဖြတ်ဆက်ကုသခြင်း (OPCAB) နည်းပညာဖြင့် ခွဲစိတ်ခြင်းကို အတွေ့အကြုံများစွာရှိပြီး နှလုံးသွေးကြောအစားထိုးဖြတ်ဆက်ကုသခြင်း၏ ၉၀% အထိ ဤနည်းပညာဖြင့် ခွဲစိတ်ကုသခဲ့ပါသည်။